Responsive Ads Here
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, 12 April 2019

ဂျပန်တွင်ကျင်းပမည့် ကရာတေးပြိုင်ပွဲတွင် ကချင်စစ်ရှောင်စခန်းမှ ကလေးများ ပါဝင်ယှဉ်ပြိုင်မည်


ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဧပြီ ၂၀၊ ၂၁ ရက်နေ့ ကျင်းပမယ့် ကျူးရှင်းကရာတေးပြိုင်ပွဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းက ကလေးတွေပါဝင်တဲ့ ကရာတေး အားကစားသမား ၇ ယောက်အဖွဲ့က မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အဲဒီအားကစားသမားတွေထဲက မဆိုင်းနူးနဲ့ မောင်မရန်ဂျာလတို့ဟာ ရွှေစက်စစ်ရှောင်စခန်းနဲ့ ဒူကထောင် စစ်ရှောင်စခန်းကဖြစ်ပြီး လဘန်ဆန်မိုင်နူး၊ လဘန်ဆိုင်းလတ်အောင်တို့ နှစ်ဦးကတော့ တပ်ကုန်းရပ်ကွက်က ဖြစ်တယ်လို့ သိရပါတယ်။
ဇိုင်းဝန်ပေါင်ကလပ်က အားကစားသမား လေးဦးဟာ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အားကစားပွဲမှာလည်း ရွှေတံဆိပ်ဆု ရရှိခဲ့သူတွေ ဖြစ်ကြတဲ့အတွက် အခု ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အားကစားပွဲမှာ သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တယ်လို့ ဇိုင်းဝန်ပေါင် ကရာတေးကလပ်မှ ဘွေလမ်ယိန်းဘောမ်က ပြောပါတယ်။
ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေဟာ မြစ်ကြီးနားရှိ ဇိုင်းဝန်ပေါင် ကရာတေးကလပ်က အားကစားသမား လေးဦး၊ မြစ်ကြီးနား YMCA က တဦးနဲ့ ရန်ကုန်က အားကစားသမား နှစ်ဦး စုစုပေါင်း ၇ ဦး သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အားကစားသမား ဆိုင်နူးက ပြိုင်ပွဲအတွက် အချိန်ပေး လေ့ကျင့်ထားပြီး အခုပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုရဖို့ ယုံကြည်ထားတယ်လို့ ပြောပါတယ်။
အားကစားပြုလုပ်တာဟာ လူငယ်တွေကို မူးယစ်ဆေးအန္တရာယ် မကျရောက်အောင် လုပ်ဆောင်ပေးနိုင်ပြီး အားကစားပေါင်းစုံက အရည်အချင်းရှိတဲ့ အားကစားသမားတွေ ပေါ်ထွက်လာရေး အစိုးရကလည်း ထောက်ပံ့ကူညီပေးဖို့ အများကြီးလိုအပ်တယ်လို့ ဇိုင်းဝန်ပေါင် ကရာတေးကလပ်မှ ဆရာဘွေလမ်ယိန်းဘောမ်က ပြောပါတယ်။

ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီ ဇွန် ၁၅ ရက်တွင် တွန်မ်ရှားဝါ့ဇ်နှင့် ထိုးသတ်မည်


ဗြိတိန် နာမည်ကြီး လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ တွန်မ်ရှားဝါ့ဇ်နဲ့ ထိုးသတ်ဖို့ အတည်ပြုခဲ့ပြီလို့ သိရပါတယ်။
MGM GRAND မှာ ကျင်းပမယ့် အဲဒီထိုးသတ်ပွဲဟာ ဖျူရီအတွက် လတ်စ်ဗီးဂတ်စ်မြို့မှာ ပထမဆုံး ထိုးသတ်မယ့်ပွဲလည်း ဖြစ်ပါတယ်။
ဖျူရီက သူ့အနေနဲ့ ပရိသတ်တွေကို ဂန္ထဝင်မြောက် ဘောက်ဆင်ပွဲစဉ်ပြသဖို့ မစောင့်နိုင်တော့ဘူးလို့ ဆိုခဲ့ပြီး ပရိသတ် ၁၇၀၀၀ သာ ဝင်ဆန့်တဲ့ အဲ့ဒီကွင်းကြီးထဲကို ဗြိတိန်နဲ့ အိုင်ယာလန်က ပရိသတ်တွေ လာရောက်အားပေးဖို့လည်း မျှော်လင့်နေပါတယ်။
ဒီပွဲဟာ တိုင်ဆန်ဖျူရီအတွက် အမေရိကန်မြေမှာ ထိုးသတ်တဲ့ တတိယမြောက်ပွဲစဉ် ဖြစ်လာပြီး လော့စ်အိန်ဂျလိစ်မှာ ဒီယွန်တေး ဝိုင်လ်ဒါနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ သရေကျထားပြီးတော့ စတိဗ်ကန်နင်ဂန်နဲ့ ထိုးသတ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က နယူးယောက်ပွဲမှာတော့ အနိုင်ရထားပါတယ်။
တိုင်ဆန်ဖျူရီဟာ လက်ဝှေ့သက်တမ်းတလျှောက် ၂၈ ပွဲလုံး ရှုံးပွဲမရှိသေးဘဲ ၁၉ ပွဲက အလဲထိုး အနိုင်ရရှိထားပါတယ်။
သူနဲ့ထိုးသတ်မယ့် ရှားဝါ့ဇ်ကတော့ ကစားသမား သက်တမ်းတလျှောက် ၂၄ ပွဲ အနိုင်ရရှိထားပြီး ၁၆ ပွဲ အလဲထိုး အနိုင်ရရှိထားခဲ့လို့ လာမယ့်ပွဲဟာ သူ့အတွက် ၂၅ ပွဲဆက် နိုင်ပွဲဖြစ်လာဖို့ရှိတယ်လို့ ကြုံးဝါးထားပါတယ်။
ဂျာမနီနိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံနဲ့ ဖျူရီတို့ရဲ့ ပွဲစဉ်ကိုတော့ BT Sport Box ကနေ ထုတ်လွှင့်ပြသသွားမယ်လို့ ရပါတယ်။

Tuesday, 9 April 2019

ပြည်သူ့ရင်ပြင် စမ်းချောင်း Food Town တွင် သနပ်ခါးသင်္ကြန်ကျင်းပ


ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ထဲက  စမ်းချောင်း Food Town မှာ သနပ်ခါးသင်္ကြန်ကို ဧပြီ ၉ ရက်က စတင်ကျင်းပနေပါတယ်။
သနပ်ခါးသင်္ကြန်ကို ဧပြီ ၉ ရက်ကနေ ၁၂ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး သနပ်ခါးသင်္ကြန်မှာ သနပ်ခါးနဲ့ရေပက်တာနဲ့  ဒူးရင်းသီးမုန့်လုံးရေပေါ် ကျွေးမွေးသွားဖို့လည်း ရှိပါတယ်။
ပထမဆုံးနေ့မှာတော့ ရာသီဥတုပူပြင်းတာရယ် ရုံးဖွင့်ရက်ဖြစ်တာရယ်ကြောင့် လာရောက်သူ နည်းပါးနေ သေးတာတွေ့ရပါတယ်။
မြန်မာ့ရိုးရာ သယံဇာတတွေကို မူပိုင်ဖြစ်စေဖို့နဲ့ ရိုးရာသင်္ကြန်ကို ထိန်းသိမ်းဖို့ အခုလို့ သနပ်ခါးသင်္ကြန်ကျင်းပရတာဖြစ်ပြီး နှစ်စဉ်ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။
Ref: http://burmese.dvb.no


Saturday, 6 April 2019

နာရီပိုင်းအတွင်း ကြည့်ရှုသူ ၂၇ သန်းကျော်သွားသည့် ကေပေါ့ပ်အဖွဲ့ Blackpink သီချင်းသစ်


နာမည်ကြီး အမျိုးသမီး ကေပေါ့ပ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ရဲ့ Kill This Love အမည်ရတဲ့ သီချင်းဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။
အမိုက်စား၊ အလန်းစား ရိုက်ချက်တွေ၊ သီဆိုဟန်တွေနဲ့ ထွက်ရှိလာတဲ့ ဒီသီချင်းဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၇ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
နာမည်ကြီး ကေပေါ့ပ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ 2NE1၊ G-Dragon၊ Big Bang စတဲ့ အနုပညာရှင်တွေကို မွေးထုတ်ပေးခဲ့တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် YG Entertainment အဖွဲ့က စင်တင်မွေးထုတ်လိုက်တဲ့ Blackpink အဖွဲ့ဟာ လက်ရှိမှာတော့ ကမ္ဘာတလွှား ကေပေါ့ပ်ပရိသတ်တွေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ မိန်းကလေးအဖွဲ့ဝင် ၄ ယောက်ဖြစ်တဲ့ Jisoo၊ Jennie၊ Rosé၊ Lisa တို့နဲ့ ဖွဲ့စည်းထားတဲ့ Blackpink အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ တကိုယ်တော်အယ်လ်ဘမ် Square One နဲ့ စတင်ပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ မနှစ်က ထွက်ရှိခဲ့တဲ့ Ddu-Du-Ddu-Du သီချင်းဟာ တရက်အတွင်း ယူကျုပေါ်မှာ ကြည့်ရှုမှုအများဆုံး စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး Blackpink အဖွဲ့ဟာ ယူကျုပေါ်မှာတော့ ပရိသတ် ၂၁ သန်းကျော်ရှိတဲ့ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ ဖြစ်ပါတယ်။
လတ်တလော ထွက်ရှိလာခဲ့တဲ့ Kill This Love သီချင်းအမ်တီဗွီကတော့ ယူကျုပေါ် ရေပန်းစားနေတဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

Friday, 14 December 2018

လူသတ်ထွက်ပြေးလာသည့် ထိုင်းဝရမ်းပြေးကို မြန်မာဘက်တွင် ဖမ်းမိ


ထိုင်းနိုင်ငံမှာ လူသတ်ပြီး ထွက်ပြေးနေခဲ့တဲ့ တရားခံဝရမ်းပြေးအမျိုးသားတဦးကို မြန်မာနိုင်ငံဘက်မှာ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ထရန်ခရိုင်ထဲက အရက်ဘားတခုထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတဦး သေဆုံးကာ တခြားလူ ၈ ယောက်လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၄ နှစ်အရွယ် တရားခံ ချိုင်ယာဖိုလ် ခုမ်ဆီယမ်မိုင်ကို ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ဖမ်းမိခဲ့တယ်လို့ ထိုင်းရာဇ၀တ်ပြစ်မှုနှိမ်နင်းရေးဆိုင်ရာ ရဲဌာနက ပြောပါတယ်။
တရားခံအမျိုးသား ချိုင်ယာဖိုလ်ကိုတော့ ထရန်ခရိုင်တရားရုံးကနေ နိုဝင်ဘာ ၆ ရက်နေ့မှာ လူသတ်မှုနဲ့  ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာဖြစ်ပြီး တရားမ၀င်လက်နက် လက်ဝယ်ကိုင်ဆောင်မှု၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာကို သယ်ဆောင်သွားလာမှုတွေနဲ့ စွဲချက်တင်ထားတာပါ။
ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံဟာ မြန်မာနိုင်ငံဘက်ကို ထွက်သွားခဲ့တယ်ဆိုတဲ့ သတင်းပေးချက်တွေအရ ထိုင်းရာဇ၀တ်ပြစ်မှုနှိမ်နင်းရေးဆိုင်ရာရဲဌာနဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ တာချီလိတ် စစ်ဆေးရေးဂိတ်မှာ ယာဉ်တစီးကို တားပြီး စစ်ဆေးချိန် အဆိုပါ တရားခံထိုင်းအမျိုးသားနဲ့ မြန်မာ ၂ ဦး အပါအ၀င် တခြားထိုင်းနိုင်ငံသား ၃ ဦးကိုလည်း တွေ့ရှိခဲ့ရတာပါ။
အဲဒီနောက် သူတို့ ၆ ဦးစလုံးကို တာချီလိတ်ရဲစခန်းဆီ ပို့ဆောင်ခဲ့ပြီးနောက် တရားခံကို ပြစ်ဒဏ်ချမှတ်ဖို့ ထိုင်းနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်တွေအရ အဆိုပါ တရားခံအမျိုးသား ချိုင်ယာဖိုလ်ဟာ ရာဇ၀တ်ပြစ်မှုဆိုင်ရာ မှတ်တမ်းရှိသူဖြစ်ပြီး ၂၀၀၃ ခုနှစ်ကလည်း ဖမ်းဆီးခံခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်တုန်းကလည်း လူသတ်ဖို့ ကြံစည်အားထုတ်မှုနဲ့ ဖမ်းခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။

Ref: http://burmese.dvb.no