ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဧပြီ ၂၀၊ ၂၁ ရက်နေ့ ကျင်းပမယ့် ကျူးရှင်းကရာတေးပြိုင်ပွဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းက ကလေးတွေပါဝင်တဲ့ ကရာတေး အားကစားသမား ၇ ယောက်အဖွဲ့က မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အဲဒီအားကစားသမားတွေထဲက မဆိုင်းနူးနဲ့ မောင်မရန်ဂျာလတို့ဟာ ရွှေစက်စစ်ရှောင်စခန်းနဲ့ ဒူကထောင် စစ်ရှောင်စခန်းကဖြစ်ပြီး လဘန်ဆန်မိုင်နူး၊ လဘန်ဆိုင်းလတ်အောင်တို့ နှစ်ဦးကတော့ တပ်ကုန်းရပ်ကွက်က ဖြစ်တယ်လို့ သိရပါတယ်။
ဇိုင်းဝန်ပေါင်ကလပ်က အားကစားသမား လေးဦးဟာ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အားကစားပွဲမှာလည်း ရွှေတံဆိပ်ဆု ရရှိခဲ့သူတွေ ဖြစ်ကြတဲ့အတွက် အခု ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အားကစားပွဲမှာ သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တယ်လို့ ဇိုင်းဝန်ပေါင် ကရာတေးကလပ်မှ ဘွေလမ်ယိန်းဘောမ်က ပြောပါတယ်။
ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေဟာ မြစ်ကြီးနားရှိ ဇိုင်းဝန်ပေါင် ကရာတေးကလပ်က အားကစားသမား လေးဦး၊ မြစ်ကြီးနား YMCA က တဦးနဲ့ ရန်ကုန်က အားကစားသမား နှစ်ဦး စုစုပေါင်း ၇ ဦး သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အားကစားသမား ဆိုင်နူးက ပြိုင်ပွဲအတွက် အချိန်ပေး လေ့ကျင့်ထားပြီး အခုပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုရဖို့ ယုံကြည်ထားတယ်လို့ ပြောပါတယ်။
အားကစားပြုလုပ်တာဟာ လူငယ်တွေကို မူးယစ်ဆေးအန္တရာယ် မကျရောက်အောင် လုပ်ဆောင်ပေးနိုင်ပြီး အားကစားပေါင်းစုံက အရည်အချင်းရှိတဲ့ အားကစားသမားတွေ ပေါ်ထွက်လာရေး အစိုးရကလည်း ထောက်ပံ့ကူညီပေးဖို့ အများကြီးလိုအပ်တယ်လို့ ဇိုင်းဝန်ပေါင် ကရာတေးကလပ်မှ ဆရာဘွေလမ်ယိန်းဘောမ်က ပြောပါတယ်။
No comments:
Post a Comment