Responsive Ads Here

Friday, 14 December 2018

ထိုင်း မသန်စွမ်းဆင်များကို ဂီတဖြင့် အားပေးနှစ်သိမ့်ပေးနေသည့် ဗြိတိန်စန္ဒရားဆရာ


ဗြိတိန်ဂန္ထ၀င်စန္ဒရားဆရာ ပေါလ်ဘာတန်ဟာ တပတ်ကို အကြိမ်ပေါင်းများစွာ သက်ကြီး မသန်စွမ်း ဆင်တွေကို စန္ဒရားနဲ့ တီးခတ် ဖျော်ဖြေပြီး အားပေးနှစ်သိမ့်နေပါတယ်။
အခုတကြိမ်မှာတော့ လမ်ဒူယန် ဆိုတဲ့ အသက် ၆၅ နှစ်အရွယ် ဆင်မကြီးဟာ နေ့လယ်စာစားရင်း ဘာတန်ရဲ့ Silent Night တေးသွားကို နားဆင်နေပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနပူရီခရိုင်က Elephants World ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ လမ်ဒူယန်လိုမျိုး သက်ကြီးရွယ်အို မသန်စွမ်းဆင်တွေကို ဂီတနဲ့ ကုသပေးနေတာ ၈ နှစ် ရှိပါပြီ။
“ပထမဆုံးအကြိမ် ကျနော်ဆင်ကို စန္ဒရား တီးပြတုန်းက ကျနော့်နောက်က လယ်ကွင်းထဲမှာ ဆင်တကောင် ရှိနေတယ်။ ပလာရာဆိုတဲ့ မျက်မမြင် ဆင်လေးက မတော်တဆ ကျနော့် စန္ဒရားသံကို ကြားသွားတယ်။ သူက မနက်စာစားနေတာ။ ဆင်တွေ အကုန်လုံး ဗိုက်ဆာနေကြတယ်။ အဲဒီအချိန်မှာပဲ ထူးထူးဆန်းဆန်း ပလာရာက ပါးစပ်ထဲမှာ ငှက်ပျောသီး ပလုပ်ပလောင်းနဲ့ စားနေတာကို ရပ်ပြီး ကျနော့် စန္ဒရားသံကို လာနားထောင်တယ်” လို့ စန္ဒရားတီးသူ ပေါလ်ဘာတန်က ပြောခဲ့ပါတယ်။
“ဆင်တွေကို ပေါလ် စန္ဒရားတီးပြတဲ့အခါ ဂီတကို ဆင်တွေ နားလည်တယ်လို့ ကျနော် ခံစားမိတယ်။ ဘာလို့လဲဆိုတော့  ဂီတဟာ လူတွေအားလုံး နားလည်တဲ့ ကမ္ဘာသုံး ဘာသာစကား ဖြစ်လို့ပါ” လို့ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ပိုင်ရှင် ဆမတ် ပရာဆစ်ပူးက ပြောပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေက ခရီးသွားတွေ လည်ပတ်ရာ နေရာတွေမှာ ဆင်ကောင်ရေ ၃,၀၀၀ ၀န်းကျင်လောက်ရှိပြီး အဆိုပါ ကောင်ရေရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးဟာ အစာရေစာ မလောက်မင နဲ့ အလုပ်ဝန်ပိပြိး ဆင်းဆင်းရဲရဲနေရတယ်လို့ ကမ္ဘာ့တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။
ဒါပေမယ့် Elephants World ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းက ဆင်တွေကတော့ အစားကောင်း အသောက်ကောင်း စားရပြီး ရောဂါဘယတွေ ပျောက်ကင်းဖို့လည်း ဆေးကုသခွင့်ရပါတယ်။ ဒါ့အပြင် သူတို့နှစ်သက်တဲ့ ဂီတနဲ့ ဖျော်ဖြေတာကိုလည်း နားဆင်ကြရပါတယ်။

Ref: http://burmese.dvb.no

No comments:

Post a Comment