သူနာပြုသင်တန်း ကျောင်းသားတွေအနေနဲ့ သူနာပြုသင်တန်းကျောင်းတက်ပြီးနောက် အစိုးရ ဝန်ထမ်းမလုပ်ရင် လျော်ကြေး ကျပ်သိန်း ၁၀၀ အစိုးရကို ပေးရမယ်ဆိုတဲ့ ကိစ္စကို လတ်တလောမှာ ဆိုင်းငံ့ပေးထားဖို့ရှိနေပါတယ်။
ရန်ကုန်သူနာပြုသင်တန်းကျောင်းမှာ တက်ရောက်နေတဲ့ သင်တန်းသားတွေကို စာမေးပွဲ နီးတဲ့ အချိန်မှာမှ သင်တန်းပြီးလို့ စေလွှတ်တဲ့ ဒေသကိုသွားပြီး အစိုးဝန်ထမ်း အဖြစ်မလုပ်ဘူးဆိုရင် လျော်ကြေး ကျပ်သိန်း ၁၀၀ တလုံးတခဲတည်း ပေးလျော်ဖို့ စာချုပ် ချုပ်ခိုင်းလာတာပါ။
ဒါနဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်နဲ့ သင်တန်းသားတွေ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံရာမှာပါတဲ့ ကျောင်းသားတယောက်က “ညွှန်ကြားရေးမှူးချုပ်က ဒီကိစ္စကို သူ့အနေနဲ့ ဆုံးဖြတ် မပေးနိုင်လို့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအဝေးမှာ ဒီတပတ်အတွင်း တင်ပြပေးမယ့်အကြောင်း၊ ရလဒ်ကို ကျောင်းအုပ်ကြီးက တဆင့် အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။ ရလဒ် မသိရခင် အချိန်အထိ စာချုပ် ချုပ်ဆိုတာကို ရပ်နားပေးထားမယ်လို့လည်း ပြောပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီသင်တန်းသားတွေဟာ သင်တန်းတက်မယ့် လျှောက်လွှာမှာ သင်တန်းမပြီးခင် နုတ်ထွက်သွားရင် လျော်ကြေး ၈ သိန်းပေးလျော်ဖို့၊ သင်တန်းပြီးလို့ စေလွှတ်တဲ့ နေရာမှာ ၃ နှစ် အလုပ်မလုပ်ဘူးဆိုရင် ၈ သိန်းပေးလျော်ဖို့ ကတိနဲ့ သင်တန်းတက်နေရတာပါ။
“အခုမှ Posting စာချုပ်မှာ ကျပ်သိန်း ၁၀၀ နဲ့ လာချုပ်တာ။ အဲဒါကြောင့် ကျနော်တို့က လက်မခံတာပါ။ မူလအတိုင်းပဲချုပ်ဖို့ ကျနော်တို့က တောင်းဆိုလိုက်ပါတယ်”လို့ ကျောင်းသားတယောက်က ပြောပါတယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ၂၀၁၅၊ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်တွေမှာ သင်တန်းတက်ခွင့် ရခဲ့သူတွေကို မူလ လျော်ကြေးဖြစ်တဲ့ ၈ သိန်းကျပ်နဲ့ပဲ ချုပ်ဆိုဖို့၊ ၂၀၁၉ ခုနှစ်အတွက် ဝင်ခွင့်လမ်းညွှန်မှာ လျော်ကြေး သိန်း ၁၀၀ ကို တရားဝင် ကြေညာပြီးမှ ပြောင်းလဲဖို့ ကိစ္စကိုလည်း တင်ပြဆွေးနွေးမယ်လို့ ဒေါက်တာ သာထွန်းကျော်က ကတိပေးခဲ့တယ်လို့ လည်း ပြောပါတယ်။
ဒီလို စာချုပ်ချုပ်ဆိုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ သူနာပြု တက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ခဲ့ပါသေးတယ်။
သမဂ္ဂဝင် ကျောင်းသူ တယောက်က “တက္ကသိုလ် တက်နေတဲ့သူတွေကိုတော့ ဒီလို မပြောဘူး။ ညီမတို့ တက္ကသိုလ်မှာတော့ ဝန်ထမ်းအဖြစ် ၂ နှစ် လုပ်ရမယ်၊ ဝန်ထမ်း မလုပ်ရင် ၂ သိန်းလျော်ရမယ်။ အဲလို စာချုပ် ချုပ်ခဲ့ရတာ။ ဝန်ထမ်းလုပ်ပြီးမှပဲ သူနာပြု လိုင်စင်ပေးတာလေ” လို့ ပြောပါတယ်။
ဒါပေမယ့် တနှစ်နဲ့ တနှစ် လျော်ကြေးနဲ့ ဝန်ထမ်းလုပ်ရမယ့်နှစ်ကာလ မတူဘူးလို့လည်း သူက ပြောပါတယ်။
သင်တန်းသားတယောက်က “သင်တန်းစတက်တော့ ၂ နှစ်နဲ့ လက်မှတ် ထိုးခဲ့ရပေမယ့် ကျောင်းပြီးလို့ စာချုပ်ချုပ်တဲ့ အချိန်မှာတော့ ၃ နှစ် ဝန်ထမ်းလုပ်မယ်လို့ ချုပ်ရတာပါ”လို့ ပြောပါတယ်။
No comments:
Post a Comment