တစ်ခါတုန်းက အတန်းထဲမှာ ဘယ်သူနဲ့မှ မတည့်တဲ့ မိန်းကလေး
တစ်ယောက်ရှိတယ်။ ဘယ်လောက်တောင်လဲဆိုရင် (၈) နှစ်အရွယ်ကထဲက သူမဟာ ကျောင်းမှာ ပြောမရ
ဆိုမရတဲ့ နေရာမှာ နာမည်ကြီး နေပြီ။
စာလဲမလုပ်တဲ့အတွက်ကြောင့် စာမေးပွဲ တဘုန်းဘုန်းကျတဲ့
ကျောင်းသူလေး တစ်ယောက်ပေါ့။
အတန်းထဲမှာဆို ဘယ်တော့မှ ငြိမ်ငြိမ်မထိုင်နေဘူး။
ဂဏာမငြိမ် ဖြစ်နေတယ်လို့ အမြဲ ကောက်ချက်ချ ဆူခံထိလေ့ရှိတယ်။ နောက်ဆုံးအတန်းပိုင်ဆရာ
ဖြစ်သူက မိဘထံကို စာပို့တိုင်တော့ တာပေါ့။ "ခင်ဗျားတို့ သမီးဟာ စိတ်ဂယောက်ဂယက်
ဖြစ်နေဟန်တူတယ်။ စိတ်ကျန်းမာရေး ဆရာဝန် တစ်ယောက်ယောက်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။"
သမီးဖြစ်သူဟာ အငြိမ်မနေတတ်မှန်း မိဘတို့က သိပေမယ့် ဒီလောက်ကြီး ဆရာကနေ အိမ်အထိ စာပို့ရလောက်အောင်
အခြေအနေ ဆိုးရွားမယ် မထင်ဘူးပေါ့။
နောက်တစ်နေ့ အမေက စိတ်ကျန်းမာရေး ဆရာဝန်ဆီ သူ့ကိုခေါ်ပြီး
ပြတယ်။ ဆရာဝန်ရှေ့ရောက်တော့ သမီးကို တကယ့် စိတ်ရောဂါဝေဒနာရှင် တစ်ယောက်လို ပြုမူဆက်ဆံနေတာတွေ့တဲ့အခါ
ဆရာဝန်က
"သမီးလေး.. သမီး ဒီဘက်အခန်းမှာ ခဏလောက်နေခဲ့။
မေမေနဲ့ ဦးဦး စကားပြောစရာလို့နော်" ဆိုပြီး ပြောတယ်။ တစ်ဖက်မြင်မှန်နဲ့ ကလေးမကို
လှမ်းမြင်နေတဲ့ ဘေးအခန်း ရောက်တဲ့ အခါ ဆရာဝန်က - "ကဲ.. အစ်မကြီး။ ကလေးဟာ လူအများ
ရှေ့မှာ ကျောင်းကဆရာ ပြောသလို ပြုမူနေထိုင်တယ်ဆိုရင် အခု ကျွန်တော် တို့ လူကွယ်ရာမှာ
သူဘယ်လို နေထိုင်သလဲ ကြည့်ကြည့် ရအောင်" လို့ပြောတယ်။
မကြာခင်မှာပဲ ကလေးမလေးရဲ့ အပြုအမူကြောင့် ဆရာဝန်ရော
မိခင်ပါ အံ့အားသင့်သွားခဲ့မိတယ်။
အများအမြင်မှာ ခြေလက်ဂဏာမငြိမ်ဘူး မြင်နေခဲ့တဲ့
ကလေးမဟာ ဆေးခန်းမှာ တိုးတိုးလေးဖွင့်ထားတဲ့ တေးသွားနဲ့ အလိုက် ကနေတာ နတ်သမီးလေးတစ်ပါးလိုပဲ။
သမီးဒီလို ဘယ်အချိန်မှာ ကတတ်သွားမှန်းတောင် မသိတဲ့ မိခင်ကို ဆရာဝန်က - "မြင်တဲ့
အတိုင်းပါပဲခင်ဗျာ။ တကယ်တော့ခင်ဗျား သမီးဟာ စိတ် ဝေဒနာရှင် မဟုတ်ဘူးဗျ။ အနုပညာရှင်။
ဒါကိုသေချာ မဆန်းစစ် တဲ့ လူတွေ အနေနဲ့ တလွဲကောက်ချက်ဆွဲ တော့တာ မဟုတ်လား။"
အမေဖြစ်သူလဲ အကြီးအကျယ် နောင်တရပြီး သူ့အထင်လွဲမှု
အပေါ် တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ သမီးကိုလဲ သူဝါသနာပါတဲ့ အကကိုပဲ ဇောက်ချ သင်ယူဖို့
အကသင်တန်းကျောင်းကို အပ်နှံ ခဲ့တယ်။
ဒီကလေးမဟာ နောင်တစ်ချိန်မှာတော့ "ဂီလီယန် လင်း"
လို့ ထင်ရှား လူသိများတဲ့ ကမ္ဘာကျော် ဘဲလေး ကချေသည် ဖြစ်လာခဲ့တယ်။ သင်ခဏ်းစာ။ မိမိဟာ
အများနဲ့ မတူပဲ ဘေးကို ရောက်နေခဲ့လို့ စိတ်ပျက်အားမငယ်ပါနဲ့။ အမြဲတမ်းစိတ်ကို အကောင်းဘက်မှာထားပြီး
ကိုယ်ဝါသနာပါတာကို ငယ်စဉ်ကထဲက ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်အောင်လုပ်ပါ။ ဘာကြောင့်လဲဆိုတော့..
လူတိုင်းဟာ "ဂီလီယန်လင်း" လို တိမ် ခဏ ဖုံးနေတဲ့ အနုပညာရှင် ဖြစ်နေတတ်တယ်လေ။
Ref:http://zplintan.blogspot.com
No comments:
Post a Comment