၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ ပထမအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအမျိုးသမီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီအုပ်စုက ပထမပွဲစဉ်အဖြစ် နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ပွဲစဉ်မှာ တဖက်တဂိုးစီ သရေရလဒ်ကြောင့် မြန်မာနဲ့ အိန္ဒိယ နှစ်သင်းစလုံး ခြေစစ်ပွဲ နောက်တဆင့် တက်ရောက်ပြီးဖြစ်ပေမယ့် အုပ်စုပထမနေရာ ရရေး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ပွဲအစ ၃ မိနစ်မှာပဲ ဝင်းသိင်္ဂီထွန်းက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန် ၂၄ မိနစ်မှာတော့ အိန္ဒိယအသင်း ချေပဂိုးရပြီး မြန်မာအသင်း ဂိုးဧရိယာထိပ်နားက ကန်ခွင့်ရတဲ့ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူသွားတာပါ။
မြန်မာအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာ ငယ်ငယ်ထွေးက သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုက ပွဲစဉ်တွေ ယှဉ်ပြိုင်အပြီးမှာတော့ မြန်မာအသင်းက နှစ်ပွဲနိုင်၊ တပွဲသရေ ရမှတ် ၇ မှတ်နဲ့ အုပ်စု ပထမ၊ အိန္ဒိယက တပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံး ၄ မှတ်နဲ့ ဒုတိယ၊ နီပေါက ၃ မှတ်နဲ့ တတိယ၊ ဘင်္ဂလားဒေ့ရှ်က ၁ မှတ်နဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။
အုပ်စု ပထမနဲ့ ဒုတိယရတဲ့ မြန်မာနဲ့ အိန္ဒိယတို့ ခြေစစ်ပွဲ ဒုတိယအဆင့် တက်ရောက်သွားသလို နီပေါအသင်းကလည်း အကောင်းဆုံး အုပ်စုတတိယနေရာနဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။
Ref:http://burmese.dvb.no
No comments:
Post a Comment